ဟဗက္ကုတ်အနာဂတ္တိကျမ်း

1 2 3

အခနျး ၁

1 ပရောဖက်ဟဗက္ကုတ်ခံရသော ဗျာဒိတ်တော် အချက်ဟူမူကား၊
2 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော် မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါ မည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော် ဟစ်ရပါမည်နည်း။
3 မတရားသောအမှုကို အကျွန်ုပ်အား အဘယ် ကြောင့်ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်း အမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသ နည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။
4 သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင် ဆုံးဖြတ်ခြင်းမရှိပါ။ မတရားသော သူတို့သည် ဖြောင့် မတ်သောသူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ၏။
5 သစ္စာပျက်သောသူတို့၊ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတပါး ပြညွှန်သော်လည်း သင်တို့ မယုံသော အမှုကို သင်တို့လက်ထက်ကာလ၌ ငါပြု၏။
6 ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုး ဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူ ခြင်းငှါ မြေတပြင်လုံး၌ ချီသွားကြလိမ့်မည်။
7 အလွန်ကြောက်မက်ဘွယ်သော သူဖြစ်၍ ကိုယ် အလိုအလျောက်တရားစီရင်ဆုံးဖြတ်ကြ၏။
8 သူတို့၏ မြင်းသည် ကျားသစ်ထက် လျင်မြန်၏။ ညဉ့်၌ လည်သော တောခွေးထက် ကြမ်းတမ်း၏။ မြင်းစီး သူရဲတို့သည် အဝေးကလာ၍ ခုန်ကြလိမ့်မည်။ အကောင် ကို ကိုက်စားခြင်းငှါ လျင်မြန်သော ရွှေလင်းတကဲ့သို့ ပျံ လာကြလိမ့်မည်။
9 ထိုသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းငှါ လာကြ ၏။ ရှေ့သို့သာ မျက်နှာပြုသော အလုံးအရင်းဖြစ်၍၊ ဘမ်း မိသောသူတို့ကို သဲလုံးနှင့်အမျှ စုဝေးစေကြလိမ့်မည်။
10 ရှင်ဘုရင်တို့ကို အားမနာ၊ မင်းများတို့ကို ပြက် ယယ်ပြုကြလိမ့်မည်။ ရဲတိုက်ရှိသမျှတို့ကို ကဲ့ရဲ့လျက်၊ မြေ မှုန့်ကို ပုံထား၍ တိုက်ယူကြလိမ့်မည်။
11 ထိုနောက် သူတို့သည် သဘောပြောင်းလဲလျက် လွန်ကျူး၍ အပြစ်ခံရကြလိမ့်မည်။ မိမိတို့ တန်ခိုးသည် မိမိတို့ ဘုရားဖြစ်လေသည်တကား။
12 အို ထာဝရဘုရား၊ အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းတော်မူသောဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ တည်တော်မူသည်မဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ် တို့သည် သေခြင်းနှင့် ကင်းလွတ်ကြပါမည်။ အိုထာဝရ ဘုရား၊ အကျွန်ုပ်တို့ကို စစ်ကြောခြင်းငှါ သူတို့ကို ခန့်ထား တော်မူပြီ။ အိုကျောက်ထရံ၊ ဆုံးမစေခြင်းငှါ သူတို့ကို နေရာချတော်မူပြီ။
13 ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ။ သန့်ရှင်းသော မျက်စိရှိတော်မူ၏။ အဓမ္မအမှုကို ကြည့်ရှု ၍ နေတော်မမူတတ်ပါ။ သို့ဖြစ်၍၊ သစ္စာပျက်သော သူတို့ ကို အဘယ်ကြောင့် ကြည့်ရှု၍ နေတော်မူသနည်း။ အဓမ္မ လူသည် မိမိထက်ဖြောင့်မတ်သောသူကို ကိုက်စားသော အခါ၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေတော်မူသနည်း။
14 လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့၎င်း၊ မင်းမရှိသော ပိုးကောင်ကဲ့သို့၎င်း အဘယ်ကြောင့် ဖြစ် စေတော်မူသနည်း။
15 ရန်သူသည် ထိုသူအပေါင်းတို့ကို ငါးမျှားနှင့် မျှား လျက်၊ ကွန်နှင့်အုပ်လျက်၊ ပိုက်နှင့်လှောင်လျက် ဝမ်း မြောက်ရွှင်လန်းတတ်၏။
16 မိမိကွန်အား ယဇ်ပူဇော်၍၊ မိမိပိုက်အား နံ့သာ ပေါင်းကို မီးရှို့တတ်၏။ အကြောင်းမူကား၊ ထိုတန်ဆာ အားဖြင့် ဥစ္စာရတတ်၍ ဝစွာစားရ၏။
17 သို့ဖြစ်၍၊ သူသည် ပိုက်ကွန်ထဲက ငါးတို့ကို သွန်း လောင်းရပါမည်လော။ လူအမျိုးမျိုးတို့ကို မနှမြောဘဲ အစဉ်လုပ်ကြံရပါမည်လော။




အခနျး ၂

1 ငါသည် ငါ့လင့်စင်ပေါ်မှာ ရပ်လျက်၊ ရဲတိုက်၌ အမြဲနေလျက်၊ ငါ့အား အဘယ်သို့ မိန့်တော်မူမည်ကို၎င်း၊ အပြစ်တင်လျှင် အဘယ်သို့ ပြန်လျှောက်ရမည်ကို၎င်း ငါစောင့်၍ နေစဉ်တွင်၊
2 ထာဝရဘုရားကလည်း၊ ဘတ်သော သူသည် ပြေးလျက် ဘတ်နိုင်အောင်၊ ဗျာဒိတ် ရူပါရုံကို သင်ပုန်း ပေါ်မှာ အက္ခရာတင်၍ ရေးမှတ်လော့။
3 ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍ အမှုကုန်ရသော ကာလကို ဆိုလို၏။ မုသာနှင့် ကင်းလွတ် ၏။ ဆိုင်းသော်လည်း မြော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။
4 စိတ်မြင့်သော သူသည် သဘောမဖြောင့်။ ဖြောင့်မတ်သော သူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။
5 ထိုမှတပါး၊ စပျစ်ရည်နှင့်ပျော်မွေ့သော သူသည် သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ် နေရာ၌မနေနိုင်ဘဲ၊ မိမိလောဘကို မရဏာနိုင်ငံကဲ့သို့ ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိ လျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံ သို့ ဆွဲငင်၍ စုဝေးစေ၏။
6 ထိုသူအပေါင်းတို့သည် သူတဘက်၌ ပုံစကားနှင့် ကဲ့ရဲ့သော နိမိတ်စကားကို သုံးဆောင်လျက်၊ ကိုယ်မပိုင် သော ဥစ္စာကို ဆည်းဖူးသောသူသည် အမင်္ဂလာရှိ၏။ အဘယ်မျှကာလပတ်လုံးကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည်မဟုတ်လော။
7 သင့်ကို ကိုက်သော သူတို့သည် ချက်ခြင်း ထကြ မည်မဟုတ်လော။ နှောင့်ရှက်သော သူတို့သည် နိုးကြမည် မဟုတ်လော။ သင်သည် သူတို့လုယူရာဖြစ်လိမ့်မည်။
8 သင်သည် များစွာသောလူမျိုးတို့ကို လုယူသော ကြောင့်၊ ကျန်ကြွင်းသော လူမျိုးအပေါင်းတို့သည် သင့်ကို လုယူကြလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည် သူမြို့သားအပေါင်းတို့ကို ညှဉ်းဆဲသောအပြစ်ကြောင့် ပြု ကြလိမ့်မည်။
9 မိမိအသိုက်ကို မြင့်သော အရပ်၌တင်၍ ဘေး ဒဏ်လက်မှ မိမိလွတ်စေခြင်းငှါ၊ မကောင်းသော အဓမ္မ စီးပွားကို မိမိအမျိုးအဘို့ ရှာသောသူသည် အမင်္ဂလာ ရှိ၏။
10 သင်သည် လူများတို့ကို လုပ်ကြံသောအားဖြင့် ကိုယ်အမျိုးကို အရှက်ကွဲစေခြင်းငှါ ကြံစည်၍၊ ကိုယ် အသက်ကို ပြစ်မှားပြီ။
11 အကယ်စင်စစ် ကျောက်တလုံးသည် ကျောက် ထရံထဲက ဟစ်ခေါ်၍၊ ထုပ်တချောင်းသည် သစ်သားစုထဲ က ထူးလေ၏။
12 လူအသက်ကို သတ်သောအပြစ်နှင့် ရွာကို တည်သောသူ၊ အဓမ္မအမှုနှင့် မြို့ကို ခိုင်ခံ့စေသော သူ သည် အမင်္ဂလာရှိ၏။
13 လူများတို့သည် မီးထဲမှာ လုပ်ဆောင်၍၊ အမျိုး မျိုးတို့သည် အချည်းနှီးသော အမှု၌ ပင်ပန်းစေခြင်းငှါ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစီရင်တော်မူပြီ။
14 အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာ ကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရား၏ ဘုန်း တော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။
15 မိမိအိမ်နီးချင်း၌ အဝတ်အချည်းစည်းရှိခြင်းကို မြင်လို၍၊ သူ့ကို ယစ်မူးစေခြင်းငှါ သေရည်သေရက်ကို လောင်း၍ သောက်စေသော သူသည် အမင်္ဂလာရှိ၏။
16 သင်သည် အသရေပျက်၍ အရှက်ကွဲခြင်းနှင့် ဝလိမ့်မည်။ ကိုယ်တိုင်သောက်၍ အဝတ်ချွတ်ခြင်းကို ခံရ လိမ့်မည်။ ထာဝရဘုရား၏ လက်ျာလက်တော်၌ရှိသော ဖလားသည် သင့်ဆီသို့ ရောက်၍၊ ရွံရှာဘွယ်သော အော့ အန်ခြင်းသည် သင့်အသရေကို လွှမ်းမိုးလိမ့်မည်။
17 လေဗနုန်တောင်ကို အနိုင်အထက်ပြုသော အပြစ်၊ တိရစ္ဆာန်များကို ကြောက်မက်ဘွယ်သော အခြင်း အရာနှင့် ဖျက်ဆီးသော အပြစ်သည် သင့်ကို လွှမ်းမိုးလိမ့် မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည်သူမြို့သား အပေါင်းတို့ကို ညှဉ်းဆဲသော အပြစ်ရှိ၏။
18 ထုလုပ်သော ရုပ်တုသည် အဘယ်အကျိုးကို ပေး၍၊ လက်သမားသည် ထုလုပ်ရသနည်း။ သွန်းသော ရုပ်တုနှင့်မိစ္ဆာဆရာသည် အဘယ်အကျိုးကို ပေး၍၊ လုပ် သောသူသည် မိမိအလုပ်ကို မှီခိုလျက်၊ စကားအသော ရုပ်တုတို့ကို လုပ်ရသနည်း။
19 သစ်သားအား၊ နိုးတော်မူပါဟူ၍၎င်း၊ စကား အသောကျောက်အား၊ ထတော်မူပါဟူ၍၎င်း ဆိုသော သူသည် အမင်္ဂလာရှိ၏။ ထိုအရာသည် သွန်သင်လိမ့် မည်လော။ ရွှေငွေနှင့် မွမ်းမံလျက် ရှိ၏။ အတွင်း၌ အသက်အလျှင်းမရှိပါတကား။
20 ထာဝရဘုရားမူကား၊ သန့်ရှင်းသော ဗိမာန် တော်၌ရှိတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာ နေကြလော့။




အခနျး ၃

1 ပရောဖက် ဟဗက္ကုတ်၏ပဌနာစကားတည်းဟူ သော ရှိဂျောနုတ်သီချင်း၊
2 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ဗျာဒိတ်တော်သံကို ကြား၍ ကြောက်ရွံ့ပါပြီ။ အိုထာဝရ ဘုရား၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင် တော်မူပါ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူ ပါ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ။
3 ဘုရားသခင်သည် တေမန်မြို့မှ၎င်း၊ သန့်ရှင်း သော ဘုရားသည် ပါရန်တောင်မှ၎င်း ကြွတော်မူ၏။ ဘုန်းတော်သည် မိုဃ်းကောင်းကင်ကို ဖုံးအုပ်လျက်၊ မြေ ကြီးသည် ဂုဏ်အသရေတော်နှင့် ပြည့်စုံလျက် ရှိ၏။
4 အဆင်းအရောင်တော်သည် နေရောင်ကဲ့သို့ ဖြစ်၏။ လက်တော်မှ ရောင်ခြည်သည် ထွက်၍၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာလေ၏။
5 ရှေ့တော်၌ ကာလနာဘေးသည် သွား၍၊ ပူ လောင်ခြင်းဘေးသည် ခြေတော်ကို ခြံရံလျက်ရှိ၏။
6 ရပ်၍ မြေကြီးကို တိုင်းတော်မူ၏။ ကြည့်ရှု၍ လူမျိုးတို့ကို တုန်လှုပ်စေတော်မူ၏။ အစဉ်အမြဲတည် သော တောင်တို့သည် ကျိုးပဲ့၍၊ ထာဝရကုန်းရိုးတို့သည် ညွတ်ကြ၏။ ထာဝရလမ်းတို့ကို ကြွတော်မူ၏။
7 ကုရှန်ပြည်၌ တဲတို့သည် ဆင်းရဲခံခြင်း၊ မိဒျန် ပြည်၌ ကုလားကာတို့သည် လှုပ်ရှားခြင်းကို ငါမြင်၏။
8 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကယ်တင် ရာမြင်းရထားတော်ကို စီးတော်မူမည်အကြောင်း၊ မြစ်တို့ ကို အမျက်ထွက်တော်မူသလော။ မြစ်များတဘက်၌ စိတ် ထတော်မူသလော။ ပင်လယ်ကို ရန်ငြိုးဖွဲ့တော်မူသလော။
9 ကိုယ်တော်သည် အမျိုးအနွယ်တော်တို့၌ ထား တော်မူသော သစ္စာဂတိရှိသည်အတိုင်း၊ လေးလက်နက် တော်ကို ထုတ်ပြတော်မူ၏။ မြေကြီး၌ မြစ်တို့ကို ပေါက်စေ တော်မူ၏။
10 တောင်တို့သည် ကိုယ်တော်ကို မြင်၍ တုန်လှုပ် ကြပါ၏။ လျှံသော ရေသည် လွှမ်းမိုးပါ၏။ ပင်လယ်သည် အော်ဟစ်၍ လက်ကို ချီပါ၏။
11 နေနှင့်လသည် မိမိတို့နေရာ၌ရပ်၍ နေပါ၏။ သူတို့ အလင်း၌ မြှားတော်တို့သည် သွား၍၊ သူတို့ရောင် ခြည်၌ လှံတော်သည်လည်း လျှပ်စစ်ပြက်ပါ၏။
12 အမျက်တော်ထွက်လျက် တပြည်လုံး ချီသွား၍၊ ဒေါသစိတ်နှင့် လူအမျိုးမျိုးတို့ကို နင်းနယ်တော်မူ၏။
13 ကိုယ်တော်၏လူတို့ကို ကယ်တင်ခြင်း၊ ကိုယ် တော်ပေးတော်မူ၍ ဘိသိက်ခံသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ ထွက် ကြွတော်မူ၏။ အဓမ္မလူ၏အိမ်၌ ဦးခေါင်းကို နှိပ်စက်၍၊ မူလအမြစ်ကို လည်ပင်းတိုင်အောင် ပယ်ရှင်းတော်မူ၏။
14 ဗိုလ်မင်းတို့၏ ဦးခေါင်းကို မြှားတော်တို့နှင့် ထုတ်ချင်းခပ်ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ်တို့ကို လွင့်စေခြင်းငှါ လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ကြပါ၏။ ဆင်းရဲသားတို့ကို အမှတ်တမဲ့ ကိုက်စားမည့်အကြံရှိသကဲ့ သို့ ဝမ်းမြောက်ကြပါ၏။
15 ကိုယ်တော်သည် မြင်းတော်များကို စီး၍၊ ရေ ဟုန်းဟုန်းမြည်သော ပင်လယ်အလယ်သို့ ချီသွားတော် မူ၏။
16 ဗျာဒိတ်တော်သံကို ငါကြားသောအခါ ရင်၌ လှုပ်ရှားခြင်း၊ မေးခိုင်ခြင်း၊ အရိုးဆွေးမြေ့ခြင်း၊ တကိုယ် လုံးတုန်လှုပ်ခြင်းရှိ၏။ အကြောင်းမူကား၊ အမှုရောက် သောနေ့၊ လုပ်ကြံသောသူသည် ငါ၏လူမျိုးကို တိုက်လာ သောနေ့တိုင်အောင် ငါသည် နေရစ်ရမည်။
17 သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။
18 သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက် ၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည်။
19 အရှင်ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိဖြစ် တော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ ဖြစ်စေ၍၊ ငါ၏မြင့် ရာ အရပ်ပေါ်မှာ ငါ့ကို နေရာချတော်မူမည်။